နွေရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘာစားမယ် စိတ်ကူးလဲ
ဖျားနာမှုကင်းတဲ့ နွေရာသီမှာ ကိုယ်ခံအားကောင်းကောင်းနဲ့ ဖြတ်သန်းမယ် စိတ်ကူးလား? ဒါဆိုရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ပါ။
ကိုယ်ခံအားစနစ်ဆိုတာက ခန္ဓာကိုယ်ထဲကို ပြင်ပက ရောဂါပိုးတွေ ကျူးကျော်ဝင်ရောက်လာတာမျိုး မဖြစ်စေဖို့အတွက် ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ ဒီတော့ ရောဂါတွေ ကာကွယ်ချင်တယ်ဆိုရင် ကိုယ်ခံအားကောင်းစေဖို့အတွက် နွေပူပူမှာ ဒါလေးတွေ စားပေးသင့်ပါတယ်။
အချဉ်ဓာတ်ပါတဲ့ အသီးတွေ - အချဉ်ဓာတ်ပါတဲ့ အသီးတွေက ဗီတာမင် အေ၊ ဘီစစ်၊ ဗီတာမင် စီ နဲ့ အမျိုးမျိုးသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ပျားရည်နဲ့ သံပုရာရည်ကို ရောစပ် သောက်သုံးပေးတာက နွေရာသီမှာ ကိုယ်ခံအား ပြည့်ဝစေနိုင်သလို ရေဓာတ်လည်း ဖြည့်ပေးနိုင်မှာပါ။ လန်းဆန်းတာမျိုးလည်း ပေးစွမ်းပါတယ်။
ရေနွေးကြမ်း - ရေနွေးကြမ်းသောက်တာက ရင်အေးစေပြီး ကိုယ်ခံအားကောင်းစေသလို နွေပူနေချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့လည်းထောက်ကူပေးနိုင်မှာပါ။
ဒိန်ချဉ် - ဒိန်ချဉ်က နွေပူပူမှာ ခန္ဓာကိုယ်ကို အတော်လေး ကျန်းမာစေတဲ့ အရာပါ။ ပရိုဘိုင်အိုတစ် ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ရော ကိုယ်ခံအား ကောင်းစေဖို့ပါ ထောက်ကူပေးမှာပါ။ ဒိန်ချဉ်ထဲကို ပျားရည် နည်းနည်းထည့်စားတာက နည်းလမ်းကောင်း တစ်ခုပါ။
ဂျင်း - ကိုယ်ခံအားကောင်းစေတယ်လို့ လူသိများတဲ့ ဂျင်းက နွေရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ အာဟာရ ပါဝင်မှုလည်း တော်တော်လေး များပါတယ်။
ကြက်သွန်ဖြူ - ကြက်သွန်ဖြူက ရောဂါတွေကနေ ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်ပါတယ်။
ကန်စွန်းဥ - အာဟာရဓာတ် ကြွယ်ဝတဲ့ ကန်စွန်းဥက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့လည်း အားဖြည့်ပေးမှာပါ။
သဘာဝ သစ်သီးဖျော်ရည် - သဘာဝအသီးစစ်စစ်ကို ဖျော်ထားပြီး အချိုလုံးဝ စွက်မထားတဲ့ သစ်သီးဖျော်ရည်လေးတွေက ရေဓာတ်ဖြည့်ပေးသလို ကိုယ်ခံအားကောင်းစေဖို့လည်း ထောက်ကူပေးမှာပါ။
နွေရာသီမှာ ကိုယ်ခံအား ကောင်းချင်တယ်ဆိုရင် အခုပြောခဲ့တာလေးတွေကို ၂ မျိုး ကနေ ၃ မျိုးလောက် ပါဝင်အောင် စားသုံးပေးပါ။
မွန်မွန်